ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းမှာ အမေရှိကြတယ်…။
မရေမရာ ပဟေဠိတွေကြောင့်
အသေအချာ အဖေမသိတောင်မှ
အမေရှိတယ်…။
ချစ်သဒ္ဓါဝေကဲ
ပြည့်တန်ဆာအမေလည်း အမေ
အကြွေးကြွယ်လှတဲ့
ဈေးသည်မအမေလည်း အမေ
အကြောင်းတရားအခြေမွဲ
သူတောင်းစားအမေလည်း အမေ
သ္မီးသားတော့ ကြီးထွားစေရောဖို့
စီးပွားအထွေထွေ စိန်ရွှေ ပတ္တမြား
အိမ်မြေကားနဲ့ ငွေသားအမွေ
ပေနိုင်မှ အမေမဟုတ်…။
ယိုင်နဲ့နဲ့တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်ဖဲ့စီဝေ
ထမင်းရည်အတူသောက်
ဗိုက်မောက်တော့ အတူတူ…။
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖြာလည်းမရှိလို့
ခြင်ကိုသွေးလှူအတူတူ
ကြမ်းပိုးသွေးလှူ အတူတူ…။
အပူကို မျှဝေခံစား
ဒုက္ခကို ပိုမိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုသားမှု ဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှ တပါး
အခြားပေးစရာ အထွေထွေမွဲသော်လည်း
အမေဟာ အမေပါပဲလေ………….။ ။
(အောင်လှိုင်ထွန်း)
No comments:
Post a Comment