နွေဦးမှာ လေရူးတို့ တသုန်သုန်
ပြီးခဲ့တဲ့ အတိတ်စခန်း
ရော်ရမ်းလို့ တမ်းတမိတယ်
မွေးဖွားခြင်း၊ဖြတ်တည်ခြင်း၊ပျက်သုဉ်းခြင်း
နိယာမသဘောတွေ ဆောင်ကျဉ်းလို့
ဖြစ်တည်မှုရဲ့ အဆုံးမှာ
ပျက်သုဉ်းခြင်းတွေ ရှိမယ်ဆိုတာ မသိခဲ့ပေမဲ့
နွေးဦးမှာ ပုရစ်ဖူးအဖြစ်
ကျွန်ုပ်ဘ၀ကို စခဲ့တယ်………….။
ပုရစ်ဖူးအဖြစ် မွေးဖွားသန့်စင်
ရွက်သစ်အဖြစ် ဖြစ်တည်
ပူပြင်းတဲ့ နွေဦးကိုအန်တုလို့
လေရူးနဲ့အတူ ဆော့ကစားဖူးတယ်
စိမ်းလန်းစိုပြေခြင်းတွေ ပက်ဖြန်းလို့
နွေဦးရဲ့အလှကို ဖော်ကျူးဖူးတယ်………………။
နွေဦးရဲ့အပူသည်းမှုတွေကြောင့်
သင်တို့စိတ်တွေ ညစ်ညူးနေခဲ့ရင်
ကြည့်လိုက်စမ်းပါ ကျွန်ုပ်တို့ ရွက်သစ်တွေကို
ညစ်ညူးခြင်းတွေကွယ်ပြောက်
ကြည်နူးခြင်းတွေ တကယ်ရောက်လာလိမ့်မယ်……………….။
နုပျိုခြင်းရဲ့ နိဂုံးမှာ
ရင့်ရော်ခြင်းတွေက ကြိုဆိုလို့ပေါ့
တစတစကြီးရင့်
အစိမ်းနုကနေ အစိမ်းရင့် စိမ်းရာမှဝါလို့
သြော်……အတည်မြဲခြင်းရဲ့နိယာမသဘော
အခုတော့ ရော်ရွက်ဝါပေါ့…………..။
ရော်ရွက်ဝါဟာ အသက်ကစကားပြောပြီပေါ့လေ
အရင်က လေရူးလေးနဲ့အတူ ပျော်မြူးခဲ့ဖူးပေမဲ့
အခုတော့ လေရူးလေးရယ်
သင့်ကို ငါမမြင်ချင်ဘူး သင်ဟာငါ့ရဲ့မရဏမင်း
ချစ်လှစွာသော မိခင်သစ်ပင်ကြီးဆီကဆွဲခွာ
ငါ့ဇီဝိန်ကိုခြွေမှာကို သိနေတယ်……………။
ဒါပေမဲ့ လေးရူးလေရယ်…….
နွေဦးမှာ လေရူးလေးဟာ
ငါတို့လို ရော်ရွက်ဝါတွေရဲ့ဇီဝိန်ကိုခြွေဖို့ပဲလေ …..။
ဒါပါပဲလေ………
မွေးဖွားခြင်း၊ဖြစ်တည်ခြင်းတွေရဲ့နိဂုံးမှာ
ပျက်သုဉ်းခြင်းကို ဆောင်ကျဉ်းဖို့
လေရူးလေးရယ် ရော်ရွက်ဝါဆိုတဲ့ ငါ့ကို
ဟို………….. အဝေးတစ်နေရာဆီ ဆောင်ကျဉ်းသွားပါတော့………….
တကယ်တော့ ငါဟာ
လေယူရာလွင့်နေရတဲ့ ရော်ရွက်ပါလေးတစ်ရွက်ပါ……………။ ။